Monday, November 26, 2012

ဗုဒ္ဓဂယာစေတီတော်မြတ်နှင့် စေတီတော်ဝန်းကျင် ဗီဒီယိုဖိုင် (၃-မိနစ်ကြာ၊ ဘုန်းဘုန်းတောက်မပါ)


                     


ပြီးခဲ့တဲ့ အတိတ်တစ်ချိန်ချိန်တုန်းက သင်ဟာ “ငါ တစ်နေ့နေ့ကျရင် အကြောင်းညီညွတ်ပြီး ကံကောင်းခဲ့မယ်ဆိုရင် သည်နေရာတွေ၊ သည်နေရာတွေကို သွားရောက်လည်ပတ်ချင်ပါတယ်”လို့ သင် အိပ်မက်မက်ဖူးပါသလား။ တကယ်လို့ မက်ခဲ့ဖူးတယ်ဆိုရင်လည်း ဘယ်နေရာ၊ ဘယ်ဒေသတွေကို သွားရောက်လည်ပတ်ချင်ပါသလဲ။ သင် သွားရောက်လည်ပတ်လိုတဲ့ စာရင်းတွေထဲမှာ “ဖွား၊ ပွင့်၊ ဟော၊ စံ ဤလေးတန် မှတ်ရန်သံဝေဇနိယ လေးဌာန”ဆိုတဲ့ ဆောင်ပုဒ်လင်္ကာအတိုင်း-
           ၁။ မြတ်စွာဘုရား မွေးဖွားတော်မူခဲ့တဲ့နေရာ၊
           ၂။ မြတ်စွာဘုရား ပွင့်တော်မူခဲ့တဲ့နေရာ၊
           ၃။ မြတ်စွာဘုရား တရားဦးဟောတော်မူခဲ့တဲ့နေရာ၊
       ၄။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူတဲ့နေရာဆိုပြီး ရောက်သင့်ရောက်ထိုက်တဲ့ ပင်မနေ ရာလေး ခုရော ပါရဲ့လား။ မပါသေးရင် ထည့်ထားလိုက်ဦးနော်။

စာရင်းထဲထည့်ခိုင်းထားတာ တခြားအကြောင်း ဟုတ်ပါရိုးလားနော်။ သင် နေ့စဉ် ရှိခိုးနေတဲ့မြတ်စွာ ဘုရားက ဘယ်နေရာ၊ ဘယ်ဒေသမှာ ပွင့်တယ်၊ မွေးဖွားတယ်ဆိုတာတွေ သင် သိသင့်တယ်မဟုတ်ပါလား။ ကိုယ်ရောက်ဖူးထားတဲ့ ဘယ်နေရာ၊ ဘယ်ဒေသမှာပဲဖြစ်ဖြစ် သူ့နေရာသူ့နှင့်သူ၊ သူ့ဟာနဲ့သူ အသီးသီး မတူညီတဲ့ ခံစားချက်တွေ၊ ကွဲပြားတဲ့စိတ်အစဉ်တွေ ရှိပေမယ့် ဗုဒ္ဓဂယာရောက်ရင်တော့ တခြားနေရာတွေနဲ့ မတူညီတဲ့ ခံစားချက်တွေ သင် ရရှိသွားပါလိမ့်မယ်ဆိုတာ insure ပေးပါတယ်နော်။ သည်စကားတွေဟာ ဘုန်းဘုန်းတောက်ရင်ထဲက ပွင့်ထွက်လာပြီး အရောင်ဆိုးမထားတဲ့ စကားလုံးတွေမို့ hundred percent တော့ ယုံလိုက်ပါနော်။ hunred percent မယုံနိုင်ဘူးဆိုရင်တောင်မှ ၉၀% တော့ ယုံပေးပါကွာ။ ယုံပေးမှာမလား။ ဟာဟ (တဂျင်းမီးလေသံ)

ဘုန်းဘုန်းတောက်လည်း ပင်မနေရာ ၄-ခုထဲမှာ ပွင့်တော်ရာဖြစ်တဲ့ ဗုဒ္ဓဂယာကိုတော့ ၂-ခေါက် တိတိ ရောက်ဖူးပြီးပြီဆိုပေမယ့် ကျန်တဲ့ ၃-နေရာကိုတော့ အခွင့်မသာသေးလို့ မရောက်ဖူးသေးဘူး။ လာမယ့် ဒီဇင်ဘာ ၄-ရက်ကျနေ့ကျရင် ဗုဒ္ဓဂယာကို သွားရဦးမယ်။ ဒီတစ်ခေါက်တော့ ကျန်တဲ့ ၃-နေရာကိုလည်း သွားရောက်လည်ပတ်ပါဦးမယ်။ တစ်ပါးတည်းသွားလို့တော့ မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ပိုက်ပိုက်က ပြောတယ် “အေး နင် တစ်ယောက်တည်း သွားချင်သွားပေါ့၊ သင့်နောက်က ကျုပ် မလိုက်နိုင် ဘူး၊ သူများနဲ့ သွားမယ်ဆိုရင် လိုက်ခဲ့မယ်”တဲ့။ ပိုက်ပိုက်က အဲဒီလို ဈေးကိုင်တာ။

ဘုန်းဘုနုးတောက် အဲမှာရောက်တော့ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀-ကျော်လောက်က ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ သည်နေရာလေးမှာလည်း လူနတ်ဗြဟ္မာတွေကို တရားရေအေး တိုက်ကျွေးခဲ့မှာပဲ။ တစ်ချို့က တရားထူးတွေနဲ့ လွဲခဲ့ပေမယ့် တစ်ချို့က တရားထူးတွေ ရင်မှာပိုက်လို့။ အင့် ကိုယ်က ဘာလို့များ ဘုရားဟောတရားကို နာယူရပြီး တရားထူးပိုက်ခဲ့တဲ့သူတွေထဲ မပါဝင်ခဲ့ရတာလဲ၊ တရားထူးဆိုတာ အသာထား ရိုးရိုးပရိသတ်တွေထဲမှာကော ပါဝင်ခဲ့ပုံ မပေါ်ဘူး”လို့ တွေးမိပြီး ၀မ်းနည်းမလို့ ရှိသေး။

တစ်ဆက်တည်းမှာပဲ “အင့် ငါ အခုလို ဖူးခွင့်ရတယ်ဆိုတာ နည်းတဲ့အခွင့်အရေးမှ မဟုတ်ဘဲ။ မဟာ့မဟာ အခွင့်အရေးကြီးပါကွာ။ ဒေါက်တာအရှင်နန္ဒမာလာဟောဖူးတယ် ‘မိစ္ဆာအယူများဖြစ်သွားရင် (မွေးဖွားခဲ့ရင်) သံလှောင်အိမ်ထဲမှာ လှောင်ခံထားရသလို ဖြစ်နေမှာပဲ။ ရုန်းထွက်ဖို့က အတော့်ကို ခက်ခဲ သွားပြီ’တဲ့။ အဲဒီလိုအဖြစ်မျိုးနဲ့စာရင် တော်ပါသေးဟဲ့”ဆိုပြီး ကျေနပ်မှုတွေ ပြန်လည်ရယူကာ ၀မ်းနည်း မှုတွေ ၀ါဂွမ်းလေးတွေလို လေထဲလွင့်ပြယ်သွားပြန်ရောလား။ စိတ်ခံစားမှုတွေ ပြောပါတယ်။

ဒါနဲ့ အထူးမှာစရာလေး ရှိသေးတယ်။ အခု ဘုန်းဘုန်းတောက် တင်ထားတဲ့ဗီဒီယိုဖိုင်က ကင်မရာ သိပ်မကောင်းတာတစ်ဖုံ လက်တုန်နေတာကတစ်ကြောင်း ကြည့်လို့အရမ်းမကောင်းဘူးဆိုတာ သေချာပါ တယ်။ အဲဒီအတွက်တော့ ခွင့်လွတ်နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ အဖြူရောင်စေတနာလေးတွေ ရောထည့်ထားတယ်နော်။ နောက်တစ်ခု မှာချင်တာက ဟိုးအရင်တုန်းက ‘တောက်ပကြယ်စင်ခရီးစဉ်’ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဓာတ်ပုံတွေကို မျက်စိညောင်းအောင် တင်ခဲ့ဖူးသလိုပဲ ခုလည်း ဘုရားဖူးနေစဉ်ဖြစ်စေ၊ ဖူးပြီးမှဖြစ်စေ အဆင်ပြေတဲ့အချိန် ဓာတ်ပုံတွေ တင်ပါဦးမယ်။ ကြည့်ရှုဖို့ အားအင်တွေ မွေးထားဦးနော်။

စကားမစပ် အောက်က ပုံလေးက ဘာလေးပါလိမ့်။ အဲဒါလေးက ရွှေဒေါင်းတောင်အွန်လိုင်းမဂ္ဂဇင်း မှာပါတဲ့ ဘုန်းဘုန်းတောက်ရဲ့ “တစ်စစီ ကျိုးပဲ့သွားသော”၀တ္ထုတို ဖြစ်ပါတယ်။ ဘုန်းဘုန်းတောက်ကလည်း ချိုချဉ်လို ခွကြွားနေပြီလို့ ထင်များသွားပြီလား မသိဘူး။ ကြွားတာမဟုတ်ရပါဘူး။ ကျော်ရဲအောင်ပြောသလို လူစုံတုန်း ကြော်ငြာတာပါ။ (ပိုဆိုးသွားပြီ ထင်တယ်၊ ဟိ) အွန်လိုင်းမဂ္ဂဇင်းမှာ  ဖော်ပြပေးတဲ့အကြောင်းကို ဘယ်သူကိုမှ မပြောဘူး။ ယုံလား။ Gtalk က Custom message မှာရယ်၊ FB မှာရယ် အဲဒီ ၂-နေရာလောက်ပဲ ပြောထားတာ။ ဟီး…။

အဲဒါနဲ့ ပတ်သက်ပြီး လုံးဝမျှော်လင့်မထားတဲ့ ဖြူဖြူဖွေးဖွေး ပီတိလေးကို ရရှိခံစားလိုက်ရတယ်။ ဘယ်သူ့ဆီကလဲဆိုတော့ ဘုန်းဘုန်းတောက်ရဲ့ သူငယ်ချင်းလိုလည်း ခင်၊ ကျေးဇူးရှင်ဆိုလည်း မှန်၊ ဆရာသမားလိုလည်း မမှားပြန်တဲ့ ဘန်ကောက်က ဘုန်းဘုန်းတစ်ပါးနဲ့ ဘုံဘေက ဘုန်းဘုန်းတစ်ပါးတို့ရဲ့ “အရေးအသား ကောင်းလိုက်တာ၊ ဆက်ကြိုးစားနော်”ဆိုတဲ့ ချီးမွမ်းသံကို ကြားလိုက်ရတယ်။ စိတ်ချမ်း သာစေချင်လို့ ချီးမွမ်းတာပဲဖြစ်ဖြစ်၊ တကယ်ချီးမွမ်းတာပဲဖြစ်ဖြစ်ပေါ့ အဲဒီနှစ်မျိုးထဲက ကြားညှပ်နေတဲ့ ကြံသကာလို ချိုမြိန်နေတဲ့ ပီတိလေးကို ရရှိလိုက်တာတော့ အမှန်ပဲ။   

သည်ပိုစ်နဲ့ ဘာဆိုင်လို့လဲလို့ မေးစရာရှိပါတယ်။ (ဆိုင်ဆိုင်မဆိုင်ဆိုင် that’s my excuse) အဲဒါကော ဘယ်သူပြောထားတဲ့ စကားလဲ။ သိရင်ပြောပြသွားဦး…

ပြောရင်းနဲ့ စာရှည်သွားပြီ…(နှစ်ပိုဒ်လောက်ပဲ ရေးမယ် မှန်းထားတာ…)

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ